Thursday, 3 April 2008

ငါဟာ ငါဖြစ်တယ်


ဒီလောကမှာ ငါနဲ့လုံးဝတူတဲ့လူ မရှိဘူး
တစ်ချို့လူတွေ တစ်ချို့နေရာမှာ ငါနဲ့တူမယ်
ဒါပေမယ့် ငါနဲ့ လုံးဝတူတဲ့လူ မရှိဘူး။
ဒါကြောင့် ငါလုပ်သမျှ အားလုံးက
စစ်မှန်တဲ့ ငါ့ကိုယ်စားပြုတွေဖြစ်တယ်။
ငါရွေးချယ်ခဲ့တာဖြစ်တယ်။
ငါ့အရာအားလုံးကို ငါပိုင်ဆိုင်တယ်။
ငါ့ခန္ဓာက ပြုလုပ်သမျှအားလုံး
ငါ့ဦးနှောက်က တွေးတော၊ စဉ်းစားသမျှအားလုံး
ငါ့မျက်စိက မြင်သမျှ၊ ပုံဖော်မိသမျှအားလုံး၊
ဒေါသတွေ၊ အပျော်တွေ၊ စိတ်ညစ်တာတွေ
အချစ်တွေ၊ မျှော်လင့်ချက်မဲ့တာတွေ၊ စိတ်လှုပ်ရှားမှုတွေ
ထုတ်ဖော်ပြောဖြစ် မပြောဖြစ်တဲ့ ငါ့ခံစားချက်အားလုံး၊
ငါ့ပါးစပ်က ထုတ်ဖော်ပြောတဲ့ ယဉ်ကျေးတာ၊ ချိုသာတာ၊ ခါးသီးတာ
မှန်ကန်တာ၊ မမှန်ကန်တာတွေအားလုံး၊
ကျယ်လောင်တဲ့၊ တိုးတဲ့ ငါ့အသံတွေအားလုံး၊
လူတွေအတွက် ဒါမှမဟုတ် ငါ့အတွက် ပြုလုပ်တဲ့ ငါ့အပြုအမှုတွေအားလုံး၊

ငါပိုင်ဆိုင်တဲ့ စိတ်ကူး၊ အိပ်မက်၊ မျှော်လင့်ချက်နဲ့ ကြောက်ရွံ့မှုတွေ
ငါပိုင်ဆိုင်တဲ့ အောင်နိုင်မှု၊ အောင်မြင်မှု၊ ကျဆုံးမှု၊ မှားယွင်းမှုတွေ
ငါရှိသမျှကို ငါပိုင်ဆိုင်တဲ့အတွက်
ငါ့ကိုယ်ငါ ပိုရင်းနှီးတယ်
ငါကိုယ်ငါ ပိုချစ်တယ်။
ငါ့ကိုယ်ငါ ပိုင်ဆိုင်တဲ့အတွက်
ငါ့အစိတ်အပိုင်းတွေကို ငါမြတ်နိုးတယ်။
ငါကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။
ဒါကြောင့် ငါလုပ်ချင်တဲ့အလုပ်တွေကို ငါလုပ်နိုင်တယ်။
ငါအနှောင့်အယှက်ဖြစ်တဲ့ အစိတ်အပိုင်း
ငါနားမလည်တဲ့ အစိတ်အပိုင်းရှိတယ်ဆိုတာ ငါသိတယ်။
ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေကို ငါအမြတ်တနိုး ဆက်ဆံရင်
အခက်အခဲတွေကို ရင်ဆိုင်ဖို့ ငါ့မှာ သတ္တိတွေရှိလာတယ်။
မျှော်လင့်ချက်တွေရှိလာတယ်။

ဘယ်အချိန်ဖြစ်ဖြစ် ကြည့်တာ၊ ကြားတာ၊ ပြောတာ၊ လုပ်တာ၊ တွေးတာ
ငါခံစားတာတွေ အားလုံးဟာ ငါ့ဟာပဲဖြစ်တယ်။
ဒါတွေဟာ ငါလုပ်နေသမျှ
ငါ့ကိုယ်စားပြု အစစ်အမှန်တွေဖြစ်တယ်။

ငါရှိခဲ့သမျှ၊ ကြားသမျှ၊ ပြုခဲ့သမျှ၊ တွေးခဲ့သမျှ၊ ခံစားခဲ့သမျှကို
တစ်ချိန်ချိန်မှာ ငါပြန်ကြည့်တော့ တစ်ချို့က ပြောင်းလဲနေတယ်။

မသင့်တော်တာတွေကို ငါလွှင့်ပစ်ပြီး သင့်တော်တာကို ငါသိမ်းထားလိုက်တယ်။
အသစ်တွေကို ဆန်းသစ်ထီထွင်တယ်။
ငါမြင်နိုင်၊ ကြားနိုင်၊ ခံစားနိုင်၊ တွေးတောနိုင်၊ ပြောနိုင်၊ လုပ်နိုင်တာတွေ
လူတွေနဲ့ ပိုရင်းနှီးအောင်၊ ပိုကြွယ်ဝအောင်၊
ပိုဆန်းသစ်ထီထွင်အောင် ငါ့မှာနည်းရှိတယ်။
ငါဟာ ငါ့ကိုပိုင်ဆိုင်တယ်။
ဒါကြောင့် ငါ့ကိုယ်ငါ မောင်းနှင်တယ်။
ငါဟာငါပဲဖြစ်တယ်။
ငါဟာ ငါဖြစ်တယ်။

No comments: